Lactose Intolerance ဆိုတာဘာလဲ
Lactose ဆိုတာ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတတ်တဲ့ သကြားဓာတ်တစ်မျိုး ဖြစ်ပြီး Lactose Intolerance ဆိုတာကတော့ အဆိုပါ Lactose သကြားကို အစာခြေစနစ်က မခြေဖျက်နိုင်တဲ့အတွက် ဗိုက်အောင့်တာ အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေ ခံစားရတာ ဖြစ်ပါတယ်။
Lactose ပါတဲ့ အစားအစာတွေ စားပြီးတဲ့နောက်…
- ဗိုက်အောင့်တာ သို့မဟုတ် ဗိုက်ထဲမှာ မအီမသာ ဖြစ်နေတာ
- လေလည်တာ
- လေချဥ်တက်တာ
- ဗိုက်ကယ်တာ
- ဝမ်းသွားတာ သို့မဟုတ် ဝမ်းချုပ်တာ
- နေရထိုင်ရ မသက်မသာ ဖြစ်နေတာမျိုးတွေဟာ Lactose Intolerance ရဲ့ လက္ခဏာတွေပါပဲ။
Lactose Intolerance ရှိနေမှန်း မသိဘဲ Lactose ပါတဲ့ အစားအစာတွေကို မကြာခဏ စားမိတာကြောင့်…
- ခေါင်းကိုက်၊ အဆစ်အမြစ်တွေ ကိုက်တာ
- မောပန်းနုံးချိနေတာ
- အာရုံစူးစိုက်နိုင်မှု လျော့လာတာ
- နှင်းခူလို အနီပြင်တွေ ထွက်တာ စတဲ့ လက္ခဏာတွေကို ကြာရှည်ခံစားနေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Lactose Intolerance e က အစားအစာဓာတ်မတည့်တာ မဟုတ်ပါဘူး။ အစားအစာဓာတ်မတည့်တာက ယားယံတာ၊ မျက်နှာ၊ မျက်လုံးနဲ့ နှုတ်ခမ်းတွေ ရောင်ရမ်းလာတာ၊ အသက်ရှူရခက်တာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။
Lactose Intolerance ဘာကြောင့်ဖြစ်တာလဲ?
ခန္ဓာကိုယ်ထဲမှာ Lactose သကြားတွေကို ခြေဖျက်ပေးရတဲ့ Lactase လို့ခေါ်တဲ့ အင်ဇိုင်းတွေ လုံလောက်စွာ မထုတ်လုပ်နိုင်လို့ Lactose Intolerance ဖြစ်ရတာပါ။ Lactose Intolerance ဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး
- အူလမ်းကြောင်း ပိုးဝင်ဖူးသူတွေ
- အူလမ်းကြောင်း ခွဲစိတ်ဖူးသူတွေ
- အူလမ်းကြောင်းမှာ ထိခိုက်ဒဏ်ရာရဖူးသူတွေ
- Inflammatory Bowel Disease နဲ့ Coeliac Disease လို ရောဂါရှိသူတွေမှာ ဖြစ်နိုင်ပါတယ်။
- လမစေ့ပေါင်မပြည့်ဘဲ မွေးတဲ့ ကလေးတချို့မှာလည်း Lactase အင်ဇိုင်းတွေ လုံလောက်အောင် မထုတ်လုပ်နိုင်သေးလို့ ငယ်ရွယ်စဥ်မှာ Lactose Intolerance ဖြစ်နိုင်ပြီး အသက်ကြီးလာတဲ့အခါ အဆင်ပြေသွားတတ်ပါတယ်။
Lactose ပါတဲ့ အစားအစာတွေက ဘာလဲ?
နို့၊ ထောပတ်၊ ဒိန်ချဥ်၊ ဒိန်ခဲ၊ ရေခဲမုန့်နဲ့ ခရင်မ်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွက်ကီး၊ ဘီစကစ်၊ Crackers၊ အချိုပွဲတွေ၊ Sauce စတာတွေက Lactose ပါဝင်တဲ့ အစားအစာတွေပါ။
ဒီအစားအစာတွေကို စားမိတိုင်း အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ မကြာခဏ ဖြစ်နေရင် Lactose Intolerance ရှိနေနိုင်တာကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။
Lactose intolerance ရှိမရှိ ဘယ်လိုသိနိုင်မလဲ?
အလွယ်ဆုံးနည်းကတော့ Lactose ပါတဲ့ အစားအစာတွေ စားမိပြီးတဲ့နောက် Lactose Intolerance ရဲ့ လက္ခဏာတွေ မကြာခဏ ခံစားနေရရင် သတိထားရပါမယ်။
စစ်ဆေးတဲ့နည်းတွေက Hydrogen Breath Test လို့ခေါ်တဲ့ အသက်ရှူတဲ့လေထဲက Hydrogen ဓာတ်ငွေ့ကို တိုင်းတာပြီး Lactose ကို အစာခြေနိုင်စွမ်းရှိမရှိ စမ်းသပ်တာနဲ့ အစာအိမ်မှန်ပြောင်းကြည့်ပြီး အသားစယူကာ စစ်ဆေးတဲ့နည်းလမ်းတွေ ရှိပါတယ်။
ဘယ်လိုကုသမလဲ?
Lactose ပါတဲ့ အစားအစာတွေကို ရှောင်တာ သို့မဟုတ် နည်းနိုင်သမျှ နည်းနည်းပဲစားတာက ရောဂါလက္ခဏာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Lactose ပါတဲ့ အစားအစာတွေကို မစားမသောက်ခင်မှာ Lactose ကို ခြေဖျက်ပေးတဲ့ Lactase အင်ဇိုင်းပါတဲ့ ဖြည့်စွက်စာတွေ ကြိုတင်သောက်ထားရင်လည်း ရပါတယ်။
Lactose Intolerance ဆိုတာ ရောဂါဆိုးကြီးတစ်ခု မဟုတ်ပေမယ့် Lactose ပါတာတွေ စားမိတိုင်း အစာအိမ်နဲ့အူလမ်းကြောင်း ဝေဒနာတွေ ခံစားရတာက စိတ်ညစ်စရာကောင်းလှတာမို့ ဆင်ခြင်သတိထားနိုင်ရင် အကောင်းဆုံးပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်